ပင်လုံစာချုပ်ဆိုတာ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အထင်ကရရှိခဲ့တဲ့ စာချုပ်တစ်ခုဖြစ်ပါတယ်။ မြန်မာတွေ လွတ်လပ်ရေးရဖို့ အင်္ဂလိပ်တို့နဲ့ အောင်ဆန်း-အက်တလီစာချုပ်၊ လင်္ကျာ-ဖရီးမင်းစာချုပ်နဲ့ နု-အက်တလီစာချုပ်ဆိုတဲ့ အဓိက စာချုပ်ကြီး ၃ ခု ချုပ်ဆိုခဲ့ရပါတယ်။ အဲဒီလို လွတ်လပ်ရေးရဖို့ စာချုပ်ကြီး ၃ ခု မချုပ်ဆိုခင်မှာတော့ တိုင်းရင်းသားတွေအနေနဲ့ ပြည်မနဲ့အတူ လွတ်လပ်ရေးယူမယ်၊ မယူဘူးဆိုတာကို ဆုံးဖြတ်ဖို့ ၁၉၄၇ ဖေဖော်ဝါရီလမှာ သမိုင်းဝင်ပင်လုံညီလာခံကြီးကို ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ကျင်းပခဲ့ကြပါတယ်။ 

ဒါပေမဲ့ ပင်လုံစာချုပ်အကြောင်း ပြောကြတဲ့အခါ လူမသိသေးတဲ့ ဒါမှမဟုတ် လူသိနည်းတဲ့ သမိုင်းဝင် ဖြစ်ရပ်တွေက နောက်ကွယ်မှာ ကျန်ရစ်နေပါတယ်။ ဒီဆောင်းပါးမှာတော့ သမိုင်းဆိုင်ရာ အချိတ်အဆက်မိအောင် ထင်ရှားတဲ့ဖြစ်ရပ်တချို့နဲ့ လူသိနည်းဖြစ်ရပ်တချို့ကို ယှဉ်တွဲ ဖော်ပြလိုက်ရပါတယ်။ 

ပင်လုံစာချုပ်မတိုင်ခင်က ရွှေတိဂုံအလယ်ပစ္စယံ

ပင်လုံစာချုပ်မချုပ်ချုပ်ဆိုခင်မှာ ဖဆပလ ပြည်လုံးကျွတ်ညီလာခံကို ရွှေတိဂုံဘုရား အလယ်ပစ္စယံမှာ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပခဲ့ကြပါတယ်။ အဲဒါကြောင့် ရွှေတိဂုံဘုရားအလယ်ပစ္စယံအစည်းအဝေးလို့လည်း ခေါ်ပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောပါတယ်။ အဲဒီ ရွှေတိဂုံဘုရားအလယ်ပစ္စယံ အစည်းအဝေးကနေ အဓိကကျတဲ့ အချက် ၂ ချက်ထွက်လာပါတယ်။ အဲဒါက  တစ်နှစ်အတွင်း လွတ်လပ်ရေးရယူဖို့နဲ့ တောင်ပေါ်မြေပြန့်မခွဲဘဲ လွတ်လပ်ရေးရယူဖို့ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်ဦးဆောင်တဲ့ ဖဆပလ ရာဇသံ

ရွှေတိဂုံဘုရားအလယ်ပစ္စယံအစည်းအဝေးက ဆုံးဖြတ်ချက်တွေကိုင်ပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအဖွဲ့ကြီးက အင်္ဂလိပ်တွေအနေနဲ့ မြန်မာကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးဖို့ ၁၉၄၆၊ နိုဝင်ဘာလ ၈ ရက်မှာ  တောင်းဆိုပါတယ်။ လွတ်လပ်ရေးမပေးရင် ဗိုလ်ချုပ်ဦးဆောင်တဲ့ ဖဆပလအဖွဲ့ကြီးဟာ အစိုးရအဖွဲ့ထဲက နုတ်ထွက်မယ်လို့လည်း ဆိုပါတယ်။ အဲဒီအချိန် လူထုတစ်ရပ်လုံးက ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအဖွဲ့ကြီးရဲ့ နောက်မှာ ရပ်တည်နေတာဖြစ်လို့ ဒီရာဇသံဟာ အင်္ဂလိပ်အတွက် စိတ်ပူစရာဖြစ်လာပါတယ်။ 

ဗြိတိန်အောက်လွတ်တော်ရောက် မြန်မာ့လွတ်လပ်ရေး

ဖဆပလအဖွဲ့ကြီးရဲ့ ရာဇသံကြောင့် ၁၉၄၆ ဒီဇင်ဘာ ၂၀ ဗြိတိန်အောက်လွှတ်တော်မှာ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ရဲ့ ဒိုမီနီယံလက်အောက်ခံအဖြစ် လွတ်လပ်ရေးပဲယူယူ၊ သီးခြားလွတ်လပ်ရေးပဲယူယူ လွတ်လပ်ရေးပေးမယ်ဆိုပြီး  ဗြိတိန်ဝန်ကြီးချုပ် မစ္စတာအက်တလီက တရားဝင်ကြေညာပါတယ်။ 

အဲဒီလို ကြေညာပြီး လွတ်လပ်ရေးအတွက် ဆွေးနွေးဖို့ ဗိုလ်ချုပ်အောင်ဆန်းတို့ကို အင်္ဂလန်ကို ဖိတ်လိုက်ပါတယ်။ 

နေရူးနှင့်ဗိုလ်ချုပ်

ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ဟာ ဗြိတိန်ကို အသွား အိန္ဒိယကိုဝင်ပါတယ်။ အဲဒီမှာ အိန္ဒိယဝန်ကြီးချုပ် နေရူးက အင်္ဂလန်ရဲ့ အေးမြတဲ့ရာသီဥတုနဲ့ကိုက်ညီအောင် အနောက်တိုင်းဝတ်စုံတစ်စုံ ချုပ်လုပ်စေပြီး လက်ဆောင်ပေးပါတယ်။ ဓာတ်ပုံတွေထဲမှာ ဗိုလ်ချုပ်ကို အနောက်တိုင်းဝတ်စုံနဲ့ တွေ့မြင်ဖူးကြမှာပါ။ အဲဒီဓာတ်ပုံထဲက ကုတ်အင်္ကျီဟာ အိန္ဒိယဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးက ဗိုလ်ချပ်အောင်ဆန်းအတွက် ပေးတဲ့ လက်ဆောင်ဖြစ်ပါတယ်။ 

စကားဝှက် 

ဗိုလ်ချုပ်တို့အဖွဲ့ အင်္ဂလန်ကိုရောက်ပြီး ဝန်ကြီးချုပ်အက်တလီနဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးပါတယ်။ ဗိုလ်ချုပ်ဟာ တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးဆိုတဲ့ ရှမ်းပြည်က စော်ဘွားတွေရဲ့ စာကို ဝန်ကြီးချုပ် အက်တလီက ထုတ်ပြပါတယ်။ ဒါကြောင့် မြန်မာပြည်က ဖဆပလ ဒုတိယဥက္ကဋ္ဌ ဝန်ကြီးချုပ်ဦးနု ဦးဆောင်ပြီး ရှမ်းပြည်မှာ တောင်တန်း၊ ပြည်မ လွတ်လပ်ရေးအတူယူမယ်ဆိုတဲ့ တောင်းဆိုချက်တွေ လုပ်ကြပါတယ်။ ဒီအကြောင်း ဝန်ကြီးချုပ်အက်တလီသိသွားပါတယ်။ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အက်တလီတို့ စာချုပ်ချုပ်ဆိုပါတယ်။ အဲဒါက အောင်ဆန်း-အက်တလီစာချုပ်ဖြစ်ပါတယ်။ ဒီစာချုပ်ဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်နဲ့ချုပ်ဆိုကြတဲ့ စာချုပ်ဖြစ်ပါတယ်။ 

စာချုပ်ချုပ်ဆိုပြီး ဗိုလ်ချုပ်နဲ့အတူ ပါသွားတဲ့ ပြည်ထဲရေးဝန်ကြီး ဖြစ်လာတဲ့ ဦးကျော်ငြိမ်း က မြန်မာပြည်က ဖဆပလအဖွဲ့ကြီးဆီ စာချုပ်အဆင်ပြေကြောင်း လျှို့ဝှက် ကြေးနန်းပို့လိုက်ပါတယ်။ ကြေးနန်းမှာ ရေးထားတာက Orange - လိမ္မော်သီး ဖြစ်ပါတယ်။ မအောင်မြင်ရင်တော့ Lemon-သံပုရာသီးဆိုပြီး ပို့ရမှာဖြစ်ပါတယ်။ 

ပင်လုံစာချုပ်မှာ လက်မှတ်မထိုးသူ

အင်္ဂလန်မှာချုပ်ဆိုကြတဲ့ အောင်ဆန်း-အက်တလီစာချုပ်မှာ မြန်မာဘက်က လက်မှတ်မထိုးသူ နှစ်ဦးရှိခဲ့ပါတယ်။ သူတို့ကတော့ သခင်ဗစိန်နဲ့ ဂဋ္ဌုန်ဦးစောပါ။ သူတို့လက်မှတ်မထိုးတဲ့အကြောင်းရင်းကတော့ အဲဒီစာချုပ်ဟာ စီးပွားရေးအရ မလွတ်လပ်ဘူး။ အင်္ဂလိပ်လက်အောက်ခံဖြစ်နေသေးတယ်ဆိုပြီး ယူဆလို့ လက်မှတ်မထိုးခဲ့တာပါ။ 

ပင်လုံညီလာခံ

ဗိုလ်ချုပ်တို့ မြန်မာပြည် ပြန်ရောက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှာ ပင်လုံညီလာခံကို ၁၉၄၇ ဖေဖော်ဝါရီလ ၃ ရက်ကနေ ၁၂ ရက်နေ့အထိ ကျင်းပကြပါတယ်။ ဒီပင်လုံညီလာခံက ဒုတိယ ပင်လုံညီလာခံပါ။ ပထမတစ်ကြိမ်လည်း ကျင်းပဖူးပါတယ်။ ပထမတစ်ကြိမ်ကျင်းပတာက ၁၉၄၆ ခုနှစ် မတ်လ ၂၀ ကနေ ၂၈ ရက်အထိ ရှမ်းပြည်လက်မှုပြပွဲအနေနဲ့ ကျင်းပခဲ့ကြတာပါ။ ပထမတစ်ကြိမ် ကျင်းပတုန်းကတော့ ဖဆပလဒုတိယဥက္ကဋ္ဌဦးနု၊ ဂဋ္ဌုန်ဦးစောတို့လို ထင်ရှားတဲ့ နိုင်ငံရေးသမားကြီးတွေ တက်ရောက် မိန့်ခွန်းပြောခဲ့ကြပါတယ်။ 

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဒုတိယတစ်ကြိမ်ညီလာခံကတော့ ဒီနေ့ပြောနေကြတဲ့ သမိုင်းဝင်ပင်လုံညီလာခံဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ 

ပင်လုံညီလာခံက လှည့်ပြန်ဖို့ ဗိုလ်ချုပ်ကြံစည်ခြင်း

ပင်လုံညီလာခံမှာတော့ ကချင်ကိုယ်စားလှယ်တွေက ကချင်ပြည်နယ်တောင်းဆိုပြီး၊ ရှမ်းကိုယ်စားလှယ်တွေ ကတော့ နောင်တစ်ချိန် ခွဲထွက်ခွင့်ရဖို့ အပြင်းအထန် တောင်းဆိုနေကြပါတယ်။ အဲဒီခေတ်က ကချင်ပြည်နယ် ဆိုတာ မရှိသေးပါဘူး။ ကချင်တွေကလည်း မြစ်ကြီးနား၊ ဗန်းမော်မှာ များများစားစား မနေကြပါဘူး။ တောင်ပေါ်မှာပဲ နေကြတာပါ။ မြစ်ကြီးနား၊ ဗန်းမော်မှာက ဗမာ၊ ရှမ်းနဲ့ တခြားတိုင်းရင်းသားတွေနေကြတာပါ။ အဲဒီလို ကချင်လူမျိုးတွေမနေတဲ့ မြစ်ကြီးနား၊ ဗန်းမော်ကိုပါ ကချင်ပြည်နယ်ထဲ ထည့်သွင်း သတ်မှတ်ပေးဖို့တောင်းဆိုလို ညှိနှိုင်းရခက်နေတာဖြစ်ပါတယ်။ 

ကချင်နဲ့ ရှမ်းကိုယ်စားလှယ်တွေကို ညှိနှိုင်းလို့မရတာကြောင့် စိတ်ပျက်ပြီး ဗိုလ်ချုပ်က ရန်ကုန်ပြန်ဖို့ သူ့အပါးတော်မြဲ ဗိုလ်ထွန်းလှကို လေယာဉ်စီစဉ် ခိုင်းပါတယ်။ ဗိုလ်ချုပ်ရန်ကုန်ပြန်တော့မဲ့အကြောင်းကို သိသွားလို့ ရှမ်းပြည်ပဒေသရာဇ်စော်ဘွားတွေကို ရှမ်းပြည်ကျောင်းသားတွေနဲ့ ပြည်သူတွေက ဆန္ဒပြကြပါတယ်။ ဒါကြောင့် စော်ဘွားတွေကလည်း ဗိုလ်ချုပ်မပြန်ဖို့ နားချကြပါတယ်။ ဒီလိုနဲ့ မပြန်ဖြစ်တော့တာပါ။ 

ပထမဆုံးသမ္မတကို ရှမ်းအမျိုးသားထဲကခန့်ဖို့ ရွေးချယ်ခြင်း

ပင်လုံညီလာခံကျင်းပတဲ့ရက်တွေအတွင်းမှာပဲ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ပြီး ပထမဆုံးနိုင်ငံရဲ့ သမ္မတအဖြစ် ရှမ်းလူမျိုးထဲက တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ကို တင်မြှောက်ဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့လည်း တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ကတော့ သမ္မတမလုပ်ပါရစေနဲ့ဆိုပြီး ငြင်းဆန်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကျဆုံးပြီး မြန်မာပြည်လွတ်လပ်ရေးရချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်က သမ္မတမဖြစ်လာခဲ့ပါဘူး။ အဲဒီအစား ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ကပဲ လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်လာပါတယ်။ 

ပင်လုံစာချုပ် 

ဖေဖော်ဝါရီလ ၁၂ ရက်မှာတော့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ပင်လုံစာချုပ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ မြန်မာကြားဖြတ်အစိုးရနဲ့ ကချင်၊ ရှမ်း၊ ချင်း ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

အဲဒီစာချုပ်ရဲ့ အနှစ်သာရကတော့ တောင်တန်းသားတွေကလည်း ပြည်မနဲ့အတူ အင်္ဂလိပ်ဆီကနေ လွတ်လပ်ရေးအတူရယူမယ်ဆိုတာပဲဖြစ်ပါတယ်။ 

တကယ်တော့ ဗိုလ်ချုပ်တို့ အင်္ဂလိပ်ကိုသွားပြီး အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုချိန်မှာ စော်ဘွားတွေ ပို့လိုက်တဲ့စာကြောင့် အထစ်အငေါ့ဖြစ်ခဲ့ရပါတယ်။ ဒီတော့ ဝန်ကြီးချုပ်အက်တလီက ဗိုလ်ချုပ်တို့ကို ထောက်ခံသူလည်းရှိတယ်၊ ကန့်ကွက်သူလည်းရှိတယ်၊ ဒါကြောင့် တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒကို ခံယူရမယ်ဆိုလို့ အနီးစပ်ဆုံးကျင်းပတဲ့ ပင်လုံညီလာခံ ဆန္ဒသဘောထား ခံယူကြရတာဖြစ်ပါတယ်။ 

ပင်လုံစာချုပ်မှာ လက်မှတ်မထိုးတဲ့ တိုင်းရင်းသားများ

ပင်လုံစာချုပ်ဟာ မြန်မာကြားဖြတ်အစိုးရနဲ့ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားတွေကြား လက်မှတ်ထိုးတဲ့စာချုပ်ဖြစ်ကြောင်း တင်ပြခဲ့ပြီးပါပြီ။ ဒါကြောင့် တနည်းအားဖြင့်ပြောရရင်တိုင်းရင်းသားတွေ အကုန်လုံး လက်မှတ်ထိုးထားတဲ့ စာချုပ်မဟုတ်ပါဘူး။ အကြောင်းရင်းက ဒီလိုပါ။ ပင်လုံစာချုပ်ချုပ်ဆိုချိန် မြန်မာကြားဖြတ်အစိုးရအဖွဲ့ထဲမှာ တခြားတိုင်းရင်းသားတွေရဲ့ ကိုယ်စားလှယ် ဝန်ကြီးတွေရှိပါတယ်။ နောက်တစ်ချက်က ကရင်၊ တနင်္သာရီ၊ မွန် ဒီလိုဒေသတွေဟာ ဗမာတွေနဲ့ ယဉ်ကျေးမှု၊ လူဦးရေ ဆက်နွယ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်မအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ တခြားတိုင်းရင်းသားတွေက ပင်လုံစာချုပ်မှာ လက်မှတ်မထိုးခဲ့တာပါ။ ၁၉၄၇ ခုနှစ်တုန်းကတော့ အဲဒီလို လက်မှတ်မထိုးခဲ့ပေမဲ့ အဲဒီဒေသခံ တိုင်းရင်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်မှုနောက်ကိုလိုက်ပြီး ပြည်မနဲ့အတူ လွတ်လပ်ရေးယူမယ်ဆိုပြီး တစိတ်တဝမ်းတည်းရှိခဲ့ကြတာဖြစ်ပါတယ်။ 

ထူးခြားချက်နေနဲ့ကတော့ ကရင်နီလို့ခေါ်တဲ့ ဒီနေ့ ကယားပြည်နယ်က ကယားတိုင်းရင်သားတွေကတော့ လေ့လာသူအဖြစ် ပင်လုံညီလာခံကို တက်ရောက်ခဲ့ကြပါတယ်။ 

ပင်လုံစာချုပ်မှာ လက်မှတ်မထိုးတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်

ပင်လုံစာချုပ်မှာ တိုင်းရင်းသားအကုန်လက်မှတ်မထိုးသလို လူတစ်ယောက်ကလည်း လက်မှတ်မထိုးပါဘူး။ အဲဒီ ပုဂ္ဂိုလ်ကြီး လက်မှတ်မထိုးပုံကလည်း ထူးဆန်းပါတယ်။ ဘာလို့လဲဆို သမိုင်းဝင် ပင်လုံစာချုပ်မှာ သူ့နာမည်ကြီးပါရှိပေမဲ့ သူ့လက်မှတ်မပါတာပါ။ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးဖို့ နာမည်ပေါင်း ၂၄ ခု ပါဝင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း လက်မှတ်ထိုးတဲ့လူက ၂၃ ဦးပဲရှိပါတယ်။ အဲဒီ ၂၃ ကတော့ မြန်မာကြားဖြတ်အစိုးရကိုယ်စား ဗိုလ်ချုပ်အောင်ဆန်း၊ ကချင်ကိုယ်စားလှယ် ၅ ဦး၊ ရှမ်းကိုယ်စားလှယ် ၁၄ ဦးနဲ့ ချင်းကိုယ်စားလှယ် ၃ ဦးတို့ပဲဖြစ်ပါတယ်။ စာချုပ်မှာ နာမည်ပါပြီး လက်မှတ်မထိုးတဲ့သူကတော့ ကချင်ကိုယ်စားလှယ် ဇော်လ(ဗန်းမော်) ဖြစ်ပါတယ်။ ဒါကြောင့် ပင်လုံစာချုပ်မှာ လက်မှတ်ထိုးဖို့ နာမည်စာရင်း ၂၄ ခုရှိပြီး လက်မှတ်ပေါင်း ၂၃ ခုပဲရှိနေတာဖြစ်ပါတယ်။ ကချင်ကိုယ်စားလှယ်တော်ကြီး ဘာကြောင့် လက်မှတ်မထိုးတာလဲဆိုတော့ကတော့ ပဟေဋ္ဌိအဖြစ် အခုထိတိုင် ကျန်ရစ်နေဆဲဖြစ်ပါတော့တယ်။ 

ပင်လုံကျောက်တိုက်

ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ပင်လုံကျောက်တိုက်စိုက်ထူခဲ့ကြပါတယ်။ အဲဒီအတွက်လည်း ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလအစိုးရကိုယ်စား အလှူငွေ ကျပ် တစ်ထောင် မ,တည်ခဲ့ပါတယ်။ ပင်လုံကျောက်တိုင်ကိုတော့ တောင်တန်း၊ပြည်မ ပူးပေါင်းရေးစာချုပ် ကျောက်တိုင်ဆိုပြီး စိုက်ထူခဲ့တာပါ။ နောက်ပိုင်းလွတ်လပ်ရေးရပြီး ၁၉၇၂ ခုနှစ်၊ ဗိုလ်ချုပ်နေဝင်းလက်ထက်မှာတော့ ပြည်မ၊တောင်တန်း လွတ်လပ်ရေး ကျောက်တိုက်ဆိုပြီး ဖြစ်သွားပါတယ်။ ၂၀၂၀ ဇန်နဝါရီလ ၁၀ ရက်မှာ အဲဒီစာကို မူရင်းရေးထိုးချက်အတိုင်း တောင်တန်း၊ပြည်မ ပူးပေါင်းရေး ဆိုပြီး ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ 

အခုဆို ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာ ၇၈ နှစ်မြောက်ရှိလာခဲ့ပါပြီ။ ပင်လုံစာချုပ်ဆိုတာ အဲဒီခေတ် အဲဒီအချိန်အခါအရ တိုင်းရင်းသားတွေပေါင်းစုပြီး လွတ်လပ်ရေးအတူယူဖို့ဆုံးဖြတ်ခဲ့ကြတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားတဲ့နောက်ပိုင်း မြန်မာပြည်ဟာ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေမဖြစ်လာပါဘူး။ အခုတော့လည်း လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းစစ်ကြောင့် ပင်လုံစိတ်ဓာတ်ဆိုတာကလည်း တဖြည်းဖြည်း ချွတ်ခြုံကျလာနေပြီပဲ ဖြစ်ပါတော့တယ်။ 

ဟန်သစ်အိမ် (Y3A)

Read More:

ဟိုင်းကြီးကျွန်း - ကိုလိုနီခေတ်မှ ယနေ့ထိ မဟာဗျူဟာအရေးပါဆဲ
ကိုလိုနီခေတ်က အင်္ဂလိပ်များ စိတ်ဝင်စားခဲ့သော ဟိုင်းကြီးကျွန်းသည် ယနေ့ခေတ် အိန္ဒိယနှင့် တရုတ်တို့အတွက် မဟာဗျူဟာအရေးပါမှု မပျောက်သေးသော နယ်မြေ
မြန်မာ့ပထမဆုံးသမ္မတရာထူးကို ငြင်းပယ်ခဲ့သူ - စဝ်ခွန်ပန်းစိန်
လွတ်လပ်ရေးခေတ်ဦးက ဗိုလ်ချုပ်အောင်ဆန်း ရွေးချယ်ခဲ့တဲ့ မြန်မာ့ပထမဆုံးသမ္မတလောင်း တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်ရဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!