၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းလောက်က ထွက်ပေါ်လာတဲ့ ဂြိုလ်တုဓါတ်ပုံတွေကြောင့် အိန္ဒိယအပါအဝင် ကမ္ဘာ့အကဲခတ်တချို့ကြားထဲမှာ လှုပ်ခတ်သွားတဲ့ သတင်းတစ်ပုဒ်ရှိပါတယ်။ အဲဒါက မြန်မာပိုင် ကိုကိုးကျွန်းပေါ်မှာ တရုတ်နိုင်ငံရဲ့ အဏ္ဏဝါရေပြင်ဆိုင်ရာ ထောက်လှမ်းရေးအခြေစိုက်စခန်းတစ်ခု တည်‌ဆောက်နေတယ် ဆိုတဲ့ သတင်းပါ။ 

တကယ်တော့ မြန်မာပိုင်ကျွန်းတွေနဲ့ပတ်သက်ပြီး ပထဝီဝင်နိုင်ငံရေးဆိုင်ရာ စိတ်ဝင်စားစရာသမိုင်းတွေ မနည်းမနောရှိခဲ့ဖူးပါတယ်။ ဥပမာအားဖြင့် ပထမ အင်္ဂလိပ်-မြန်မာစစ်ဟာ ရှင်မဖြူကျွန်းကို အကြောင်းပြုပြီးဖြစ်ခဲ့တာမျိုးပါ။  

ဒီလိုပဲ တချိန်က ကမ္ဘာ့ကိုလိုနီနယ်ချဲ့တွေကြားမှာ ဟိုင်းကြီးကျွန်းကိုလည်း ပထဝီဝင်နိုင်ငံရေးသဘောတရားအရ နယ်မြေလုဖို့ အားပြိုင်ခဲ့ကြပါတယ်။ ဒီတော့ ဟိုင်းကြီးကျွန်းဟာ ဘာလို့ ကိုလိုနီတွေအတွက် အရေးပါခဲ့တာလဲ။ အခုရော ဟိုင်းကြီးကျွန်းဟာ ကမ္ဘာ့နိုင်ငံကြီးတွေကြားမှာ ပထဝီဝင်နိုင်ငံရေးအရ အရေးပါနေသေးလား။ ပြီးတော့ တခြားကျွန်းတွေကရော ဘယ်လိုလဲ။ ဒီအကြောင်းကို ကြည့်လိုက်ရအောင်ပါ။ 

တချိန်က ဟိုင်းကြီးကျွန်း 

ဟိုင်းကြီးကျွန်းကို ကိုလိုနီတွေက နဂရစ် (Nagris) လို့ခေါ်ကြပြီး ဒီနေ့ခေတ် လူသိများတဲ့ နာမည်ကြီး မော်တင်စွန်းကိုတော့ နဂရစ်အငူလို့ ခေါ်ခဲ့ကြပါတယ်။ ဟိုင်းကြီးကျွန်းနဲ့ပတ်သက်တဲ့ မြန်မာ့သမိုင်းတွေဟာ တတိယမြန်မာနိုင်ငံကို ထူထောင်ခဲ့တဲ့အလောင်းမင်းတရားတန်ခိုးထွားလာချိန်မှာ စတင်ထင်ရှားလာတာဖြစ်ပါတယ်။ ၁၇၅၂ မှာ ညောင်ရမ်းမင်းဆက်ပျက်သုဉ်းတော့ မြန်မာ့သမိုင်းမှာ နာမည်ကြီးတဲ့ မွန်-မြန်မာ စစ်ပွဲဖြစ်ပါတယ်။ ဒီစစ်ပွဲမှာ မွန်နဲ့ မြန်မာပဲ တိုက်ခိုက်ကြတာမဟုတ်ဘဲ ပြင်သစ်နဲ့ အင်္ဂလိပ်ကလည်း နောက်ကွယ်ကနေ ပါဝင်ခဲ့ကြပါတယ်။ အင်္ဂလိပ်က အရှေ့အိန္ဒိယကုမ္ပဏီတည်ထောင်ပြီး အာရှကို လွှမ်းမိုးဖို့ကြိုးစားသလို ပြင်သစ်ကလည်း အာရှကို လွှမ်းမိုးဖို့ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်နိုင်ငံလုံးက မွန်နဲ့မြန်မာဖြစ်တဲ့စစ်ပွဲမှာ ပိုပြီးအားသာနေတဲ့ မွန်တွေကို နောက်ကွယ်ကနေ ကူညီပံ့ပိုးခဲ့ကြတာပဲဖြစ်ပါတယ်။ 

အဲဒီအချိန်မှာ ဗမာတွေကတာ့ ပြန်လည်စုစည်းနေရချိန်ဖြစ်ပြီး မွန်တွေကတော့ အင်အားကြီးနေခဲ့တဲ့အချိန်လည်းဖြစ်ပါတယ်။ မွန်တွေဟာ ပြင်သစ်တွေဆီက လက်နက်အကူအညီအပြင် စစ်ရေးအကူအညီကိုပါယူပြီး အင်းဝအထိချီတက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီလိုပဲ အင်္ဂလိပ်တွေဟာ ပြင်သစ်တွေထက်မလျော့တဲ့ လက်နက်အကူညီတွေကို မွန်တွေဆီပေးခဲ့ပါတယ်။ 

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဒါကြောင့် မွန်ဘုရင်ရဲ့ခွင့်ပြုချက်နဲ့အတူ အင်္ဂလိပ်တွေဟာ ဟိုင်းကြီးကျွန်းမှာ အခြေချခွင့်ကို စတင်ရခဲ့တယ်လို့ ဒေါက်တာထင်အောင်ရဲ့ရိုက်ချိုးခံရသောဦးခေါင်း၊ အင်္ဂလိပ်-မြန်မာဆက်ဆံရေး(၁၇၅၂-၁၉၄၈) စာအုပ်မှာဖော်ပြပါတယ်။ အင်္ဂလိပ်တွေဟာ  ဟိုင်းကြီးကျွန်းမှာ အခြေချခွင့်ရပြီးနောက် ကုန်သွယ်ရေးစခန်းတစ်ခု စတင်ဖွင့်လှစ်ခဲ့ပါတယ်။  ဟိုင်းကြီးကျွန်းဟာ ရာသီဥတုဆိုးရွားပြီး မဖွံ့ဖြိုးတဲ့ဒေသဖြစ်ပေမဲ့ ကုန်သွယ်ဖို့အတွက် မဟာဗျူဟာအရအ‌ရေးပါတာမို့ ပြင်သစ်တွေထက်အရင်ဦးအောင် အင်္ဂလိပ်တွေက လက်ဦးမှု ရယူခဲ့တာဖြစ်ပါတယ်။

ဟိုင်းကြီးကျွန်းကစတဲ့ အင်္ဂလိပ် - မြန်မာ ပထမဆက်ဆံရေး

အင်္ဂလိပ်တွေ ဟိုင်းကြီးကျွန်းမှာ ကုန်သွယ်ရေးစခန်းဖွင့်လှစ်ပြီးချိန်မှာ အလောင်းဘုရားဟာ အထက်မြန်မာနိုင်ငံကို အောင်နိုင်ပြီးနေပါပြီ။ ၁၇၅၅ မှာ အလောင်းဘုရားဟာ အောက်မြန်မာပြည်ကို ဆင်းလာပြီး မွန်တွေကို စတင်တိုက်ခိုက်ပါတယ်။ အလောင်းဘုရားတပ်တွေ ရန်ကုန်ကိုသိမ်းပြီးချိန်မှာ ပြင်သစ်နဲ့ အင်္ဂလိပ်သင်္ဘောတွေကိုပါဖမ်းမိခဲ့ပေမဲ့ သိမ်းပိုက်ခြင်းမပြုခဲ့ပါဘူး။ 

ဒါဟာ အလောင်းဘုရားက နိုင်ငံတကာဥပဒေအတိုင်းလိုက်နာချင်တဲ့အပြင် ပြင်သစ်နဲ့ အင်္ဂလိပ်ဆီက ခေတ်မီစစ်လက်နက်တွေလည်း လိုချင်ခဲ့တာကြောင့်ဖြစ်တယ်လို့ ဒေါက်တာထင်အောင်ရဲ့ ကိုလံဘီယာတက္ကသိုလ်ထုတ် A HISTORY OF BURMA(1967)  မှာဖော်ပြပါတယ်။ 

၁၇၅၆ ခုနှစ်မှာတော့ အလောင်းဘုရားဟာ ရန်ကုန်ရောက်လာတဲ့ ကပ္ပတိန် ဂျွန်ဒိုင်ယာကတဆင့် အင်္ဂလန်က ဒုတိယဂျော့ဘုရင်ဆီကို တရားဝင်စာတစ်စောင် ပေးပို့ခဲ့ပါတယ်။  အဲဒီစာကို လက်ဝဲသုန္ဒရအမတ်ကြီးက ရေးစပ်ရပြီး ပတ္တမြား ၂၄ လုံးစီချယ်ထားတဲ့ ရွှေပြားခတ် ဆင်စွယ်ကြုတ်နဲ့ထည့်ကာ ပေးပို့ခဲ့ပါတယ်။ ဒီစာအရ မွန်နဲ့ထိုင်းကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ အလောင်းဘုရားက သူ့မှာလိုအပ်နေတဲ့ စစ်လက်နက်တွေအတွက် ကူညီထောက်ပံ့ပေးဖို့ ကမ်းလှမ်းတဲ့သဝဏ်လွှာဖြစ်တယ်ဆိုပြီး သိရပါတယ်။ 

အလောင်းဘုရားရဲ့အိမ်မက်ဟာ ထိုင်းကို သိမ်းပိုက်ချင်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာထင်အောင်က သူ့ရဲ့ A HISTORY OF BURMA(1967) မှာ ရေးပါတယ်။ ဒီသဝဏ်လွှာမှာ အလောင်းဘုရားက အင်္ဂလိပ်တွေ ဟိုင်းကြီးကျွန်းမှာ အခြေချနေတာကို မကျေနပ်ပေမဲ့ ဆက်လက်နေထိုင်ခွင့်ပြုကြောင်း ရေးသားထားပါတယ်။  ဒါပေမဲ့ အဲဒီစာကို ပေးပို့ချိန်မှာ အင်္ဂလိပ်တွေကလဲ အမေရိကန်နဲ့ ၇ နှစ်ကြာစစ်ပွဲ ဆင်နွှဲနေချိန်မို့ ချက်ချင်းစာမပြန်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အလောင်းဘုရားက အင်္ဂလန်ဘုရင်ကို စိတ်ကွက်ခဲ့ပါတယ်။ 

အဲဒီလို အလောင်းဘုရားနဲ့ အင်္ဂလန်ဘုရင်ကြားဆက်ဆံရေးဟာ မချောမွေ့ခဲ့ပေမဲ့လည်း ၁၇၅၆ မှာတော့ ဟိုင်းကြီးကျွန်းကို အင်္ဂလိပ်တွေအခြေချဖို့ အလောင်းဘုရားက သဘောတူညီခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ အင်္ဂလိပ်တွေဟာ ဟိုင်းကြီးကျွန်းမှာ စခန်းတည်ဆောက်ခွင့်ရမှာဖြစ်ပြီး လွတ်လပ်စွာ ကုန်သွယ်ခွင့်လည်း ရရှိမှာဖြစ်ပါတယ်။ 

ဒါ့အပြင် ရန်ကုန်မှာလည်း ကုန်သွယ်ရေးစခန်းဆောက်ခွင့်ရမှာဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ အင်္ဂလိပ်တွေက အလောင်းဘုရားကို စစ်လက်နက်ပစ္စည်းထောက်ပံ့ရမှာဖြစ်ပြီး မြန်မာတွေရဲ့ ရန်သူမှန်သမျှကို အင်္ဂလိပ်တွေက မဆက်ဆံဖို့၊ မကူညီဖို့ သဘောတူညီခဲ့ဖြစ်ပါတယ်။ 

အဲဒီလို သဘောတူညီခဲ့ပေမဲ့ မဏိပူရအရေးနဲ့ အလုပ်ရှုပ်နေတဲ့ မြန်မာဘုရင်ကို ပုန်ကန်ဖို့ကြိုးစားတဲ့ မွန်တွေကို အင်္ဂလိပ်တွေက ထပ်မံကူညီပြန်ပါတယ်။ ဒါကို သိသွားတဲ့ အလောင်းဘုရားဟာ ၁၇၅၉ ခုနှစ်မှာ ဟိုင်းကြီးကျွန်းကို ပြန်လည်သိမ်းပိုက်ရုံသာမက ဟိုင်းကြီးကျွန်းက အင်္ဂလိပ်အခြေချ စခန်းတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းဟိုင်းကြီးကျွန်းဟာ မြန်မာပိုင်ဖြစ်လာပါတော့တယ်။ 

ကိုလိုနီတွေရဲ့ ဟိုင်းကြီးကျွန်းအိပ်မက်

ဟိုင်းကြီးကျွန်းဟာ အင်္ဂလိပ်နဲ့ ပြင်သစ်အတွက် ဘာကြောင့် မျက်စိကျစရာဖြစ်လာခဲ့တာပါလဲ။ တကယ်တော့ ဟိုင်းကြီးကျွန်းဟာ သဘာဝအရ ရာသီဥတုကြမ်းတမ်းတဲ့နေရာဖြစ်ပါတယ်။ ဒီရေအတက်အကျလည်း ကြမ်းပါတယ်။ ဒါပေမဲ့ ဟိုင်းကြီးကျွန်းဟာ ပင်လယ်ထွက်ပေါက်နဲ့နီးပြီး ပထဝီဝင်နိုင်ငံရေးအရ အရေးပါသလို မြန်မာပြည်အောက်ပိုင်းကို ရေကြောင်းကနေ လွှမ်းမိုးနိုင်ဖို့လည်း လွယ်ကူတာကြောင့် ကိုလိုနီတွေအတွက် မျက်စိကျစရာဖြစ်ခဲ့ပါတယ်။ 

ကိုလိုနီတွေရဲ့ နယ်ချဲ့နည်းကို လေ့လာတဲ့အခါ 3M (Missionary, Merchant and Military) ဖြစ်တဲ့ သာသနာပြုတွေရောက်၊ ကုန်သည်တွေရောက် ပြီးမှ စစ်ပွဲတွေရောက်လာတာဖြစ်ပါတယ်။ 

ဒါကြောင့်ပဲ အောက်မြန်မာနိုင်ငံကို သိမ်းပြီးတဲ့အချိန်မှာ အင်္ဂလိပ်ကိုလိုနီတွေက ရာသီဥတုကြမ်းတဲ့ ဟိုင်းကြီးကျွန်းမှာ မြို့သစ်တစ်ခုတည်ဖို့ ကြိုးစားခဲ့တယ်လို့ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းက ရေးပါတယ်။ ဒီမြို့ကိုတည်မယ့်သူက အိန္ဒိယဘုရင်ခံချုပ်ဖြစ်တဲ့ လော့ဒါလဟိုဇီဖြစ်ပါတယ်။  မြို့တည်မယ့်အစီအစဉ်ကိုလည်း လော့ဒါလဟိုဇီကိုယ်တိုင် မြန်မာပြည်မှာတာဝန်ကျနေတဲ့ အင်္ဂလိပ်အရာရှိ ဆာဂျော့ကူပါဆီရေးတဲ့ စာမှာတွေ့ရပါတယ်။ မြို့နာမည်ကလည်း  ဒါလဟိုဇီမြို့ ဖြစ်ပါတယ်။ 

၁၈၅၅ မှာပဲ မြို့တည်ဖို့ ပန္နက်ရိုက်ပြီး မြို့ကွက်ချပါတယ်။ ကမ်းနားလမ်းတလျှောက်လုံးမှာ တရားရုံး၊ ရဲစခန်းနဲ့ ငွေတိုက်ဆိုပြီး အစိုးရဌာနတွေကနေတဆင့် မြို့ကို အကွက်ဖော်ပြီး စတင်တည်ဆောက်ပါတယ်။ ဒါပေမဲ့ ၁၈၅၆ ခုနှစ်မှာပဲ မုန်တိုင်းဖြစ်ခဲ့ပြီး ကမ်းနားလမ်းမှာ အကွက်ဖော်ဖို့လျာထားတဲ့ နေရာတွေအကုန် ရေမြုပ်သွားခဲ့ပါတယ်။  အဲဒါကြောင့်ပဲ တည်လက်စ ထောင်နဲ့တရားရုံးကို ပုသိမ်ကိုပြန်ပြောင်းခဲ့ရပါတယ်။ ဒီလိုနဲ့ မြို့တည်မဲ့ အစီအစဉ်လည်း ပျက်စီးခဲ့ရပါတယ်။ တကယ်လို့ မုန်တိုင်းမတိုက်ခဲ့ရင် အင်္ဂလိပ်တွေတည်ဆောက်ခဲ့တဲ့ မြို့တစ်မြို့ဟာ မြန်မာပြည်မှာရှိလာခဲ့မှာဖြစ်ပြီး ဟိုင်းကြီးကျွန်းဟာလည်း လော့ဒါလဟိုဇီစိတ်ကူးယဉ်ခဲ့သလို စည်ကားသိုက်မြိုက်တဲ့ ပင်လယ်ထွက်ပေါက်မြို့ဖြစ်လာခဲ့မှာဖြစ်ပါတယ်။

ဟိုင်းကြီးကျွန်းမှ ကိုကိုးကျွန်းသို့ အရွေ့

ပဒေသရာဇ်ခေတ်နဲ့ ကိုလိုနီခေတ်တလျှောက် အင်္ဂလိပ်တွေမျက်စိကျခဲ့တဲ့ ဟိုင်းကြီးကျွန်းဟာ လွတ်လပ်ရေးရပြီးချိန်မှာတော့ ပထဝီဝင်နိုင်ငံရေးအရ အရေးပါမှုမှာ လျစ်လျူရှုခံခဲ့ရပါတယ်။ ၁၉၉၀ ပြည့်နှစ်ကျော်ရောက်မှသာ ဟိုင်းကြီးကျွန်းအပါအဝင် မြန်မာပိုင်ကျွန်းတွေဟာ ပြန်လည်အာရုံစိုက်ခံလာရပါတယ်။  

ဟိုင်းကြီးကျွန်းဟာ မြန်မာအတွက်သာမက အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့အတွက်ပါ အခုထိ မဟာဗျူဟာမြောက် အရေးပါနေဆဲပါ။  ပင်လယ်ထွက်ပေါက်နီးတဲ့ ဟိုင်းကြီးကျွန်းဟာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် အရေးပါသလို အိန္ဒိယအတွက်လည်း တရုတ်ရဲ့ ဒေသတွင်းလွှမ်းမိုးနိုင်ဖို့ကြိုးပမ်းမှုကို ကျားကန်နိုင်ဖို့ အရေးပါနေပြန်ပါသေးတယ်။ ဒါ့ကြောင့်လည်း ၁၉၀၀ ပြည့်နှစ်ကျော်တုန်းက ဟိုင်းကြီးကျွန်းမှာ တရုတ်ထောက်လှမ်းရေးစခန်းဆောက်နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ သတင်းတွေအရ အဲဒီတုန်းက ဟိုင်းကြီးကျွန်း၊ ကိုကိုးကျွန်းနဲ့ တခြားသော ကျွန်းတွေမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဖြစ်တဲ့ တရုတ်စစ်တပ်က လွှတ်ထားတဲ့  ရေတပ်အင်ဂျင်နီယာတွေနဲ့ ဆောက်လုပ်ရေးအဖွဲ့တွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ 

ဒါဟာ ကောလဟာလ သတင်းတွေသာဖြစ်ခဲ့ပေမဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်တိုင် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Arun Prakash နဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကိုကိုးကျွန်းခေါ်ပြီး လိုက်လံပြသဖြေရှင်းခဲ့ရပါတယ်။ တရုတ်နိုင်ငံကလဲ တရားဝင်စာတွေထုတ်ပြီး အကြိမ်ကြိမ်အခါခါ ငြင်းခဲ့ရဖူးပါတယ်။ ဒီလိုနဲ့ပဲ ကိုကိုးကျွန်းဟာ ခေတ်သစ်သမိုင်းမှာ ဟိုင်းကြီးကျွန်းထက် အလေးပေးခံလာရပါတယ်။

ကိုကိုးကျွန်းဟာ အက်ဒမန်ပင်လယ်ပြင်က အိန္ဒိယပိုင် နီကိုဘာကျွန်းစုနဲ့ မိုင် ၅၀ လောက်ပဲ ကွာဝေးတာဖြစ်ပြီး အိန္ဒိယအတွက် မဟာဗျူဟာမြောက် အရေးပါတဲ့နေရာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုကိုကျွန်းပေါ်ကနေ အိန္ဒိယနိုင်ငံရဲ့ အဏ္ဏဝါပိုင်းဆိုင်ရာ အချက်အလတ်တွေကို ကောင်းကောင်း ထောက်လှမ်းနိုင်လို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အိန္ဒိယဟာ ဟိုင်းကြီးကျွန်းအပါအဝင် မြန်မာပိုင်ကျွန်းတွေမှာ တရုတ်ထောက်လှမ်းရေးစခန်း တည်ဆောက်လာမလားဆိုတာနဲ့ပတ်သက်ပြီး အစဉ်အဆက် စိုးရိမ်နေခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုအိန္ဒိယရဲ့ စိုးရိမ်ချက်ရှိနေချိန်မှာပဲ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထဲမှာ ဗြိတိန်အခြေစိုက် နိုင်ငံတကာနာမည်ကြီး သုတေသနအဖွဲ့အစည်းဖြစ်တဲ့ Chatham House အဖွဲ့က ကိုကိုးကျွန်းမှာ တရုတ်ထောက်လှမ်းရေးစခန်းတွေ တည်ဆောက်နေတယ်ဆိုပြီး ဂြိုလ်တုသက်သေတွေနဲ့တကွ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

လေယာဉ်တွေရပ်နားဖို့အတွက် ဂိုဒေါင်တွေ၊ တိုးချဲ့ထားတဲ့ လေယာဉ်ပြေးလမ်းတွေ၊ ရေဒါတွေတပ်ဆင်ထားတဲ့ အဆောက်အအုံအသစ်တွေပါတဲ့ ဂြိုလ်တုပုံတွေဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ လက်ရှိမြန်မာအစိုးရဟာ ၁၉၉၀ ပြည့်နှစ်ကျော်တုန်းကလို မဟုတ်မှန်ကြောင်း ငြင်းဆိုမှုတွေက အသံဝင်နေဆဲပါ။ တရုတ်အစိုးရကတော့ ပြတ်ပြတ်သားသားငြင်းဆန်ထားပါတယ်။ 

ဟိုင်းကြီးကျွန်းရဲ့ အနာဂတ်လားရာ

မြန်မာ့သမိုင်းမှာ မြန်မာ့ကျွန်းတွေနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေဟာ များသောအားဖြင့် ပြည်တွင်းရေး မတည်ငြိမ်တဲ့အခါမှာ ထွက်ပေါ်လာလေ့ရှိပါတယ်။ မွန်-မြန်မာစစ်ဖြစ်ချိန်မှာ ကိုလိုနီတွေက ဟိုင်းကြီးကျွန်းကို အမြတ်ထုတ်ဖို့ကြိုးစားခဲ့ဖူးသလို ၁၉၉၀ ပြည့်နှစ်ကျော်ကာလ မြန်မာ့စစ်အစိုးရရဲ့ နိုင်ငံတကာဆန်ရှင်တွေကြောင့် နိုင်ငံကအကြီးအကျယ် အထီးကျန်နေချိန်မှာလည်း တရုတ်အစိုးရရဲ့ ဟိုင်းကြီးကျွန်းပေါ် ထောက်လှမ်းရေးစခန်းတည်ဆောက်နေတယ်ဆိုပြီး ကောလဟာလ ထွက်ခဲ့ဖူးပါတယ်။ ကောလဟာလတွေဆိုသည့်တိုင် ဒီသတင်းတွေကို အလုံးစုံမှားယွင်းတယ်လို့လည်း ဆိုလိုမရပြန်ပါဘူး။ ၂၀၂၃ ခုနှစ်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ 

ဒါကြောင့်ပဲ အကဲဆတ်ပြီး ပထဝီဝင်နိုင်ငံရေးအရ အရေးပါတဲ့ မြန်မာ့ပိုင်နက်ထဲကဟိုင်းကြီးကျွန်းနဲ့ ကိုကိုးကျွန်းဟာ နိုင်ငံတကာ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေရဲ့ မျက်စိအောက်မှာ ဆက်လက်ရှိနေဦးမှာပဲ ဖြစ်ပါတော့တယ်။ 

ကျော်ဇေဝမ်း (Y3A)

Read More:

အညာသူ အညာသား ပေါ်တူဂီသားများ
ပင်လယ်ပျော် ပေါ်တူဂီကနေ အညာသား ဘရင်ဂျီဖြစ်လာပုံ၊ မြန်မာမင်းများထံ အမှုထမ်းခဲ့ကြပုံနှင့် ယနေ့ခေတ် မြန်မာ့မြေပေါ်က ဘရင်ဂျီတို့၏ ဘဝများအကြောင်း စုံလင်စွာ တင်ပြထားသည်။
မြေရှားသတ္ထုအတွက် မကြာမီပြန်လည်ပေးဆပ်ရတော့မဲ့ မြန်မာ
ကချင်ပြည်နယ်မှာ မြေရှားသတ္ထုတူးဖော်မှု တဟုန်ထိုးမြင့်တက်လာနေပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ဒေသခံတွေရဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နေပေမယ့် မြေရှားသတ္ထုဟာ နည်းပညာခေတ်အတွက် မရှိမဖြစ် လိုအပ်နေပါတယ်။

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!