ဇွန်လ ၁၉ ရက်နေ့၊ သောကြာနေ့ နေ့လယ်၊ မြန်မာစံတော်ချိန် နှစ်နာရီဝန်းကျင်က စလို့ အမေရိကန်က ပြည်နယ်အတော်များများ အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဆိုက်ဘာကွန်ယက် ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီပြတ်တောက်မှုက ဆက်သွယ်ရေးကွန်ယက်တွေ အပါအဝင် တခြားအိုင်တီနဲ့ ဆက်စပ်စနစ်တွေကိုပါ တိုက်ရိုက်ထိခိုက်နေလို့ လေကြောင်းလိုင်းတွေ၊ ဘဏ်တွေနဲ့ တခြားဆိုက်ဘာအခြေပြု စီးပွားရေးလုပ်ငန်းတွေပါ ခေတ္တရပ်နားထားရတယ်လို့ သိရတာပါ။

အမေရိက၊ ဩစတေးလျနဲ့ ဗြိတိန် အပါအဝင် ဂျာမနီ၊ ဂျပန်၊ အိန္ဒိယနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ရှိတဲ့ လေကြောင်းလိုင်းတွေလဲ အဲဒီလို အလားတူ ကွန်ယက်ပြတ်တောက်မှုတွေနဲ့ ကြုံနေရလို့ ခရီးစဉ်တွေကို ရွှေ့ဆိုင်းထားရတယ်လို့ သိရပါတယ်။ ကမ္ဘာ့သတင်းဌာနတွေက ဖော်ပြချက်အရ လေဆိပ်အတော်များများမှာရှိတဲ့ လေယာဉ်တွေကိုလဲ မြေပြင်မှာပဲ ဆင်းသက်ထားစေပြီး ဗြိတိန်မှာဆိုရင် ရထားခရီးစဉ်တွေကိုပါ ဖျက်သိမ်းထားရတာပါ။ ဒါ့အပြင် ကမ္ဘာ့နေရာအနှံ့မှာ ဖြန့်ကျက်တည်ရှိတဲ့ အွန်လိုင်းဘဏ်စနစ်တွေ၊ ဆက်သွယ်ရေး တယ်လီကွန်း ကွန်ယက်တွေလဲ နှောင့်နှေးနေတာကြောင့် စီးပွားရေးလုပ်ငန်းတွေပါ ထိခိုက်နေပါတယ်။ အမေရိကန်မှာလဲ အရေးပေါ်ဌာနဖြစ်တဲ့ ၉၁၁ ကိုပါ ပြည်နယ်တချို့မှာ ခေါ်ဆိုလို့ မရတော့ပါဘူး။ ဂျာမနီက ဆေးရုံနှစ်ခုမှာဆိုရင် အရေးမကြီးတဲ့ ခွဲစိတ်မှုတွေကိုပါ အချိန်ရွှေ့ဆိုင်းထားတယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။ အိန္ဒိယနိုင်ငံ ဒေလီလေဆိပ်မှာဆိုရင် ဂိတ်အချက်အလက်တွေကို Whiteboard နဲ့ ချရေးပြီး manual စနစ်နဲ့ သွားနေရတဲ့ အထိပါပဲ။

ဘယ်လိုအကြောင်းကြောင့် အခုလို ရုတ်တရက် ပြတ်တောက်မှုတွေ ဖြစ်ရလဲဆိုတာတော့ သေချာမသိရသေးပါဘူး။ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီဖြစ်တဲ့ Crowdstrike က ထုတ်တဲ့ ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဝဲကြောင့် ဖြစ်နိုင်တယ်လို့တော့ နည်းပညာကျွမ်းကျင်သူတွေက မှတ်ချက်ပြုနေကြပါတယ်။ Window OS ကို အသုံးပြုတဲ့ ကွန်ပြူတာတွေမှာ အဲဒီဆော့ဝဲကနေ လုပ်ပေးတဲ့ update မှာ နည်းပညာပိုင်းအရ ချို့ယွင်းချက်တွေ ပါသွားလို့ စက်အများစုမှာ 'Blue Screen' ပြဿနာတက်နေတယ်လို့ သိရတာပါ။ မိုက်ခရိုဆော့ဖ်ကုမ္ပဏီကတော့ ပြတ်တောက်မှုတွေ စဖြစ်ဖြစ်ချင်း မိနစ်ပိုင်းအတွင်းမှာပဲ သူတို့ဘက်ကနေ ပြဿနာကို စုံစမ်းစစ်ဆေးနေပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

References: Reuters. (2024, July 19). Global cyber outage grounds flights and disrupts businesses. Reuters. https://www.reuters.com/technology/global-cyber-outage-grounds-flights-hits-media-financial-telecoms-2024-07-19/

BBC News. (2024, July 19). IT outage live updates: Planes grounded as mass worldwide issue hits airlines, media and banks. https://www.bbc.com/news/live/cnk4jdwp49et

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!