လူငယ်တွေဟာ အနာဂတ်ကမ္ဘာကြီးကို မောင်းနှင်မဲ့ ပဲကိုင်ရှင်တွေလို့ ပြောစမှတ်ရှိပါတယ်။ ဒါပေမဲ့ မြန်မာလူငယ်တွေမှာ အဲ့ဒီအခွင့်အရေးတွေ မရှိတော့ပါဘူး။ ဖြစ်ပျက်လာတဲ့အကြောင်းတရားတွေဟာ မြန်မာလူငယ်တွေကို ချောက်နက်ကြီးဆီ တဖြည်းဖြည်း ဆွဲခေါ်နေပါပြီ။ ပြည်တွင်းက မတည်ငြိမ်တဲ့ အခြေအနေကြောင့် နိုင်ငံခြားထွက်ခွာသူ မြန်မာလူငယ်တွေ အများအပြားရှိလာပေမဲ့ သူတို့ရဲ့ဘဝခရီးကလည်း မရေရာမှုတွေနဲ့ ပြည့်နှက်နေဆဲပါပဲ။ အခုအချိန်ထိတိုင် အလုပ်ရှာမရသေးတဲ့ မြန်မာလူငယ်အများအပြား နိုင်ငံရပ်ခြားဆီမှာ ရှိလို့နေပါတယ်။

ဒီနေရာမှာ ပြည်တွင်းနေ မြန်မာလူငယ်တွေဆီကို အရှိန်အဟုန်နဲ့ တိုးဝှေ့ဖြတ်ကျော်တိုက်ခတ်လာတဲ့ လှိုင်းလုံးတစ်လုံးရှိနေပါတယ်။ အဲဒါက လောင်းကစားအေးဂျင့်လုပ်ငန်းပါ။  အေးဂျင့်လုပ်ငန်းဆိုတာဟာ တွေးကြည့်လိုက်ရင်တော့ စကားလုံးအရ အရမ်းပဲ အထင်ကြီးစရာကောင်းလှပါတယ်။ ဒါပေမဲ့ ပြည်တွင်းနေ မြန်မာလူငယ်တွေဆီကို ရောက်ရှိလာတဲ့ အေးဂျင့်လုပ်ငန်းဆိုတာက ဘောလုံးအေးဂျင့်၊ နှလုံး သုံးလုံး အေးဂျင့် လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ပိုဆိုးတာက ငါးပစ်ဂိမ်းတို့လို စလော့ဂိမ်းတွေအတွက် ယူနစ်ရောင်းချတာတွေကိုပါ မြန်မာလူငယ်တွေက ဈေးကွက်ရှာ၊ ဖောက်သည်ရှာဖွေပြီး လုပ်ကိုင်လာကြတာပါပဲ။ 

အရပ်စကားနဲ့ပြောရရင် ငွေကြေးတတ်နိုင်သူက ဒိုင်အဖြစ် လုပ်ကိုင်ပြီး ထိုးသားစုပေးနိုင်သူက ကော်မရှင်စား(ကော်စား) ၊ အရပ်စကားနဲ့ပြောရရင် လက်ခွဲလုပ်ကြရတာပဲဖြစ်ပါတယ်။ အခုတော့ ပြည်တွင်းနေ မြန်မာလူငယ် ကျားမ မရွေး အများစုဟာ အဲ့ဒီ အေးဂျင့်နွံထဲဆီ သက်ဆင်းမှန်းမသိ သက်ဆင်းလို့နေကြပါပြီ။ 

ဒါဟာ မြန်မာလူငယ်တွေအတွက် မျိုးဆက်တစ်ခု ဖျက်ဆီးခံရခြင်း၊ အနာဂတ်ပျောက်ဆုံးရခြင်းဆိုရင်လည်း မမှားပါဘူး။

ဒီနေရာမှာ တချို့သော အေးဂျင့်ကုမ္ပဏီတွေ၊ တနည်းပြောရရင် လောင်းကစားကုမ္ပဏီတွေက သူတို့နာမည်ကိုတောင် ပေါ်ပေါ်ထင်ထင် အသုံးပြုပြီးတော့ လုပ်ကိုင်လာကြပါတယ်။

1xBET , 555 MIX, IBET 789, UFABET, MMKBET, မဲလ်ဘက်၊ စသဖြင့် နာမည်မျိုးစုံ ဖွင့်လှစ်ပြီး လောင်းကစားအေးဂျင့်ကုမ္ပဏီတွေက လူငယ်တွေအကြားကို စိမ့်ဝင်ရောက်ရှိလာခဲ့တာပါ။ 1xBET ဆိုရင် ဘောလုံးအသင်းတစ်သင်းကိုတောင် စပွန်ဆာပေးတဲ့အထိ လုပ်နေပါပြီ။

ဒီနေရာမှာ ထိုးသားအဖြစ် ကစားတဲ့လူငယ်တွေ ရှိလာသလို ဒိုင်အဖြစ်၊ ကော်မရှင်စားအဖြစ် ရပ်တည်တဲ့ လူငယ်တွေကလည်း များပြားလာပါတယ်။ အခုနောက်ပိုင်းမှာတော့ ထိုးသားအရေအတွက်ထက် အေးဂျင့်လုပ်ကိုင်သူအရေအတွက်က ပိုများလာလို့ လုပ်ရကိုင်ရ အရမ်းခက်လာတယ်လို့ အေးဂျင့်တစ်ယောက်က ရင်ဖွင့်ပါတယ်။

 “ကျွန်တော်တို့ စလုပ်တဲ့ ၂၀၁၈ လောက်တုန်းက အွန်လိုင်းမှာ အေးဂျင့်လုပ်တဲ့သူဆိုတာ အရမ်းနည်းတယ်ဗျ။ ကိုယ့်ဘက်က ရိုးသားတယ်၊ နာမည်ကောင်း ရှိတယ်၊ အလျော်အစားကို တိတိကျကျနဲ့ သေသေချာချာ လုပ်ပေးတယ်ဆိုရင် ထိုးသားက လာတာချည်းပဲရယ်။ အခုက အေးဂျင့်က များလာတော့ ထိုးသားကို ခွဲယူရတဲ့သဘောမျိုး ဖြစ်နေတယ်။ မိန်းကလေးတွေလည်း ဒီဈေးကွက်ထဲမှာ အေးဂျင့်လုပ်နေကြတယ်။ သူတို့ကလည်း လက်ကြီးသမားတွေကို ဆွဲထုတ်နေတော့ အေးဂျင့်အချင်းချင်း ပြဿနာဖြစ်တာမျိုးတွေတောင် ဒီဈေးကွက်ထဲမှာ ရှိနေတယ်”လို့ မန္တလေးမြို့က အွန်လိုင်းအေးဂျင့်အဖြစ် လုပ်ကိုင်နေသူ ကိုစော(အမည်လွှဲ)က ပြောပြပါတယ်။

ပြည်တွင်းနေ မြန်မာလူငယ်တွေက အေးဂျင့်ဈေးကွက်ထဲကို ဘာလို့ အလုံးအရင်းနဲ့ ရောက်ရှိလာတာလဲဆိုတော့ လက်ရှိဖြစ်ပေါ်လာတဲ့ ပြည်တွင်းက ဂယက်ရိုက်ခတ်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ 

မြန်မာကျပ်ငွေတန်ဖိုး အငွေ့ပျံလျော့ကျလာတဲ့ဒဏ်၊ မြန်မာ့ရွှေဈေးက အတက်ပြီးရင်းအတက် ဖြစ်လာတဲ့ဒဏ်တွေက တစ်နိုင်ငံလုံးအပေါ် သက်ရောက်မှု ကြီးမားနေပါတယ်။ 

ဒီလိုကြပ်တည်းတဲ့အခြေအနေမှာ လူငယ်တွေအတွက် သူတို့ရဲ့လုပ်ငန်းခွင်တွေမှာ လုပ်ခလစာက ဒုံရင်းကဒုံရင်းအတိုင်းပဲဖြစ်နေတာ၊ CDM ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင်ဝင်ဖို့ အခက်အခဲရှိတာတွေကြောင့် ကော်မရှင်စားအဖြစ် လုပ်ကိုင်ဖို့ သူတို့ကို ပစ်မှတ်ထား စည်းရုံးတာမျိုးတွေလည်း ရှိနေတာဖြစ်ပါတယ်။ တချို့ကျတော့လည်း အလုပ်အကိုင်ကရှား၊ စီးပွားရေးက မပြေလည်၊ ဝမ်းရေးက ခက်တာကြောင့် အေးဂျင့်အလုပ်ဆီ ဦးလှည့်လာခဲ့ကြရတာဖြစ်ပါတယ်။  

“အစပိုင်းမှာတော့ ဘောလုံးနဲ့ နှစ်လုံး သုံးလုံးလောက်ပဲ ကိုင်ခဲ့တာ။ ဒါပေမဲ့ ဖောက်သည်ရဖို့က ခက်တော့ စလော့ဂိမ်းတွေ၊ ဒူဘိုင်းတွေပါ တွဲကိုင်ဖြစ်သွားတယ်။ လက်မလည်တော့ဘူးပေါ့နော်။ စလော့ဂိမ်းတွေ၊ ကာစီနိုတွေ၊ ဒူဘိုင်းတွေ အားလုံး တွဲကိုင်တော့ ဖောက်သည်တွေ ရလာတယ်။ အဲ့ဒီ ဖောက်သည်တွေကိုပဲ ကိုယ့်ဆီမှာ ဘောလုံးနဲ့ နှစ်လုံး သုံးလုံးတွေ ကစားဖြစ်အောင် ထပ်ဆွယ်ရတာပေါ့။ သိန်း ၅၀ ကနေ သိန်း ၁၀၀ လောက်အထိ ထိုးကြေးရှိနေရင် ကိုယ့်အတွက် တစ်ရက်မှာ သိန်းနဲ့ချီပြီး ကော်မရှင် ရတာတွေရှိတော့ လူငယ်တွေကလည်း ငွေမက်ပြီး အေးဂျင့်လောကထဲ တိုးဝင်လာကြတာပေါ့။ Facebook နဲ့ Telegram တွေကို ဝင်ကြည့်လိုက်ရင် သိသာပါတယ်”လို့ အေးဂျင့်လုပ်သက် သုံးနှစ်လောက် ရှိနေပြီဖြစ်တဲ့ မဆုမွန်(အမည်လွှဲ)က ရှင်းပြပါတယ်။

 မြန်မာနိုင်ငံဆီကို အေးဂျင့်လုပ်ငန်းတွေ ဝင်ရောက်လာတာက အရှိန်အဟုန် ကြီးမားလွန်းနေသလို ဒီဈေးကွက်ထဲမှာ အေးဂျင့်အဖြစ် လုပ်ကိုင်ဖို့ ဝင်ရောက်လာသူ လူငယ်တွေကလည်း တစ်နေ့ထက်တစ်နေ့ အရမ်းကို များပြားလာနေပါတယ်။ ဘောလုံး၊ နှစ်လုံး သုံးလုံး၊ ကာစီနို၊ စလော့ဂိမ်း စတာတွေကို Facebook က တင်းတင်းကြပ်ကြပ် အရေးယူထားပေမယ့် လက်တစ်လုံးခြားနည်းလမ်းတွေနဲ့ ဖောက်ထွက်ပြီး လုပ်ကိုင်သူတွေကလည်း အများအပြား ရှိနေဆဲပါပဲ။ အများစုကတော့ Viber နဲ့ Telegram ကို အသုံးပြုပြီး ဖောက်သည်ရှာတာ၊ ထိုးသားရှာတလုပ်နေကြပါတယ်။ 

ရုပ်ရည်ရှိတဲ့ အမျိုးသမီး လူငယ်အေးဂျင့်လေးတွေဆိုရင် မက်ဆင်ဂျာတို့၊ သီးသန့်အကောင့်တို့ကနေ သူတို့ရဲ့ဓာတ်ပုံတွေ၊ TikTok ဗီဒီယိုတွေကို ပေးပို့ပြီးတော့ ထိုးသားရှာဖွေတာမျိုးတောင် လုပ်တတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

 အေးဂျင့်လောကထဲကို ဝင်ရောက်လာတဲ့ လူငယ်တချို့ဆိုရင်လည်း ဖြတ်လမ်းနည်းနဲ့ ထိုးသားရှာဖွေတာတွေ လုပ်တတ်ပြန်ပါတယ်။ အဲ့ဒါကတော့ ညစ်ညမ်းရုပ်ရှင်းကားတွေ၊ မြန်မာညစ်ညမ်းဗီဒီယိုတွေကို တယ်လီဂရမ်မှာ ဂရုထောင် မျှဝေပြီး အဲ့ဒီဗီဒီယိုမှာ ဆက်သွယ်နိုင်တဲ့ကြော်ငြာတွေ ထည့်သွင်းတာမျိုး၊ ဒါမှမဟုတ် Post တွေ တင်ပြီး ဒီဖုန်းနံပါတ်ကို ဆက်သွယ်ကာ ကံစမ်းနိုင်တယ် အသိပေးတာမျိုးတွေ လုပ်လာကြတာပါပဲ။ ဒီလောကထဲကို နောက်ပိုင်းရောက်မှ ဝင်လာတဲ့ လူငယ်အေးဂျင့်တွေဟာ ထိုးသားမြန်မြန်ရဖို့အတွက် အဲဒီလို ဆူလွယ်နပ်လွယ် နည်းလမ်းတွေကို သုံးလာကြတယ်လို့ သူတို့ရဲ့ Facebook Page တွေကို တာဝန်ယူခဲ့ရဖူးတဲ့ Admin တစ်ယောက်ဖြစ်သူ ကိုနိုင်လင်းက ပြောပြပါတယ်။

“အစကတော့ ဘောလုံးပေ့ချ်အဖြစ် အပ်တာဗျ။ ဒီတော့ ထိုးသား ရောက်လာဖို့အတွက်က အချိန်ပေးရတယ်ပေါ့ဗျာ။ ဒီတော့ Telegram ဘက်မှာ Channel ထောင်၊ 18+ ဇာတ်လမ်းတွေ တင်ပြီး သူတို့ဆီမှာ လာလောင်းလို့ရပါတယ်ဆိုပြီး လုပ်ကြရောပေါ့ဗျာ။ VK ကနေရတဲ့မြန်မာဇာတ်ကားတွေကို ယူတင်ကြတာပေါ့။ အလွယ်လမ်း လိုက်တဲ့သဘော၊ ဈေးကွက်ကို ရတဲ့နည်းနဲ့ လုတဲ့သဘောပေါ့လေ။ အခုနောက်ပိုင်း အေးဂျင့်လောကထဲဝင်လာတဲ့ လူငယ်တချို့ အဲ့ဒီလို ပိုပြီး လုပ်ကြတယ်”လို့ ကိုနိုင်လင်းက အသိပေးပါတယ်။

ကော်မရှင်စားယူတဲ့သူတွေက ရာခိုင်နှုန်းအလိုက် ပုံမှန်ရရှိပြီး အေးဂျင့်အဖြစ် ဒိုင်နေရာမှာ ရပ်တည်တဲ့သူကတော့ အလျော်အစားအပေါ်မူတည်ကာ အနိုင်အရှုံးရှိတယ်လို့ ဆိုပါတယ်။ လူငယ်တွေထဲက ၁၀ သိန်းကနေ သိန်း ၂၀ လောက် လက်ထဲရှိသူတွေကတော့ လုပ်ငန်းကျွမ်းကျင်တာနဲ့ ကော်မရှင်စားဘက်ကနေ ဒိုင်အေးဂျင့်ဘက်ကို ရှယ်ယာစားအဖြစ် ကူးပြောင်းသွားတတ်လေ့ရှိပါတယ်။ 

သေချာတာတစ်ခုကတော့ ပြည်တွင်းနေ မြန်မာလူငယ်တွေဟာ ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ လမ်းမှားဆီ ရောက်မှန်းမသိ ရောက်သွားကြပြီဖြစ်သလို တချို့လည်း တိုးဝင်မှန်းမသိ တိုးဝင်၊ အမှောင်ထဲမှာ လမ်းလျှောက်ရင်း လမ်းပျောက်နေကြရပြီဖြစ်ပါတယ်။ 

ပြည်တွင်းနေ မြန်မာလူငယ်တွေရဲ့ဘဝရှေ့ရေးက ရင်လေးစရာဖြစ်လာနေပါပြီ။ ခေတ်အခြေ အနေ၊ ဖြစ်ပျက်လာသမျှ အခြေအနေတွေအပေါ်မူတည်ပြီး အကွက်ရွှေ့နေတဲ့ အေးဂျင့်ဒိုင်ကြီးတွေကတော့ အဆီကိုစားကာ အသားကို မြိုနေဦးမှာပါပဲ။

 “ကော်မရှင်စားတွေကတော့ ရာခိုင်နှုန်းပေါ့လေ။ ၀ ဒသမ ၅ ရာခိုင်နှုန်းကနေ ၁ ဒသမ ၅ ရာခိုင်နှုန်းလောက်အထိ တင်တဲ့ထိုးကြေး၊ ထိုးသားရှာဖွေပေးနိုင်မှုအပေါ် မူတည်ပြီး ရကြတယ်။ ဘယ်လောက်ရရင် ရပ်မယ်ဆိုတဲ့ လူငယ်တွေလည်း အခု ဒေါ်လာဈေး၊ ရွှေဈေးတွေအရ မရပ်ဖြစ်တော့ဘူး။ ဆက်လုပ်ရတာပေါ့လေ။ ဒီမှာ အကျိုးအမြတ်ထွက်တာက ကုမ္ပဏီတွေပဲပေါ့။ ဒီကာလမှာ သူတို့အတွက် ပိုရှာလို့ ကောင်းတယ်လေ။ အခြေအနေတွေအရ လူငယ်တွေက အေးဂျင့်လုပ်ဖို့ ဒီလမ်းထဲ တိုးဝင်လာဦးမှာပဲ။ ဈေးကွက်မှာ ထိုးသားရှာရတာ အပြိုင်အဆိုင် ဖြစ်သွားနိုင်တယ်”လို့ အွန်လိုင်းအေးဂျင့်လုပ်ငန်းကို ရပ်နားပြီး တက္ကဆီမောင်းနေပြီဖြစ်တဲ့ ကိုဉာဏ်ထက်က ပြောပြပါတယ်။

 ပြည်တွင်းနေ မြန်မာလူငယ်တွေအတွက် ရှေ့ရေးက ဝေဝါးသထက် ဝေဝါးလာခဲ့ပြီဖြစ်သလို တချို့လည်း ဒီအလုပ်ကို မလုပ်ချင်သည့်တိုင် ဘဝရပ်တည်မှုနဲ့ ငွေရဖို့အတွက် မတတ်သာတဲ့အဆုံးမှာ မိုးခါးရေသောက်မယ့်လမ်းကို ကိုယ်တိုင်ပဲ ရွေးချယ်နေကြရပြီဖြစ်ပါတော့တယ်။

 နွေဦးရွက်ဝါ(Y3A)

ယခုဆောင်းပါးမျိုးဖတ်ရှုရသည်ကို နှစ်သက်သည်ဆိုလျှင် အောက်ပါဆောင်းပါးများကိုလည်း ဖတ်ရှုကြည့်ရန် ကျွန်ုပ်တိုက recommend ပေးပါသည်။

ဆက်စပ်ဖတ်ရှုလိုလျှင် -

အိပ်မက်တိမ်တို့ ငွေ့ရည်ပျံချိန်
″ ဒီကိုပဲ လာခဲ့လိုက်တော့။ အတူတူရှိနေတာပဲ ကောင်းတယ်။ တကွဲတပြားဖြစ်နေတော့ ဘာဖြစ်မယ်မှန်းမသိ နေ့တိုင်း စိတ်ပူနေရတာ” ဒီရက်ပိုင်းတွေထဲ သူ အများဆုံးကြားရတဲ့စကာ
တိုက်ပွဲတွေက တွန်းပို့လိုက်တဲ့ ကေတီဗီမယ်ဘဝ
သူမရဲ့နာမည်ရင်းက ယဉ်ယဉ်နှောင်း။ ဒါပေမဲ့ ဒီနေရာကို ရောက်လာပြီးတဲ့နောက် အားလုံး သိကြတဲ့နာမည်က ကေသရီ။ အခု ကေသရီက ဧည့်သည်တစ်ယောက်ကို မျှော်နေပါတယ်။ ဒီဈေ
Share this article
The link has been copied!