Adobe ကုမ္ပဏီက Generative AI ဗီဒီယိုထုတ်လုပ်ရေးဘက်ကို ဒီနှစ်ပိုင်းထဲ အားစိုက်နေတာ ကြာပါပြီ။ အခုတော့ ဒီနှစ်အစောပိုင်းထဲက မိတ်ဆက်ကြော်ငြာနေတဲ့ Firefly AI ရဲ့ ဉာဏ်ရည်တု ဗီဒီယိုမော်ဒယ်ကို Premiere Pro ထဲမှာ စသုံးလို့ ရပြီလို့ ပြောလိုက်ပါတယ်။ ရုပ်သေဓာတ်ပုံတွေနဲ့ စာအခြေပြု ညွှန်ကြားမှုတွေအပေါ် အခြေခံလို့ ရုပ်ကဒ်တွေကို ပြုပြင်နိုင်ပြီး လိုချင်တဲ့ ဗီဒီယိုတွေကို ထုတ်လုပ်နိုင်မှာပါ။
Firefly Video Model ထဲမှာ ဦးဆုံးပါလာတာကတော့ Generative Extend အမည်ရ feature ဖြစ်ပါတယ်။ Premiere Pro ဗီဒီယိုတည်းဖြတ်ဆော့ဝဲထဲမှာ စမ်းသပ်ဗားရှင်းအနေနဲ့ ပါလာတာ ဖြစ်ပြီး အတော်လေးကို တိုနေတဲ့ ရုပ်ကဒ်တွေကို အစကနေ ဖြစ်စေ၊ အဆုံးကနေ ဖြစ်စေ အလယ်ကနေ ဖြစ်စေ ဖြည့်စွက်ပြင်ဆင်ပေးနိုင်တာပါ။ မျက်စိအမြင်မှားနိုင်တဲ့ အပြောင်းအရွေ့တွေ့နဲ့ ဗီဒီယိုထဲမှာ မထင်မှတ်ထားဘဲ ပါသွားတဲ့ လှုပ်ရှားမှုတွေလိုမျိုးကိုလဲ မှန်ကန်အောင် ပြင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရုပ်ကဒ်တွေရဲ့ ကြာချိန်တွေကိုတော့ နှစ်စက္ကန့်လောက်ပဲ ဆွဲဆန့်ပြီး ဖာထေးပေးနိုင်လို့ ပြင်စရာအသေးအမွှားလေးတွေအတွက်ပဲ အဆင်ပြေသေးတယ် ဆိုရပါမယ်။
တစ်ခါတလေမှာလဲ ရိုက်ထားတဲ့ ဗီဒီယိုထဲက အမှားသေးသေးလေးတွေကြောင့်ပဲ အစကနေ ပြန်ရိုက်ရတာမျိုး ဖြစ်လေ့ရှိတာမို့ ဒါမျိုးအတွက်ဆိုရင် အံကိုက်ပေါ့။ AI က ချဲ့ပေးလိုက်တဲ့ ဒီရုပ်ကဒ်တွေဟာလဲ အရည်အသွေး 720p ဒါမှမဟုတ် 1080p နဲ့ FPS ကတော့ ၂၄ ရှိမှာ ဖြစ်ပါတယ်။ ဗီဒီယိုမှာတင် ဒီ Generative Extend ကို သုံးနိုင်မှာ မဟုတ်ဘဲ အသံပိုင်းဆိုင်ရာပြင်ဆင်တာတွေ လုပ်ချင်တယ်ဆိုရင်လဲ သုံးလို့ ရမှာပါ။ အသံဆိုရင်တော့ ဆယ်စက္ကန့်ထိ တိုးချဲ့လို့ ရနိုင်ပါတယ်။ စကားပြောနေတာတွေ၊ သီချင်းတွေကိုတော့ တိုးချဲ့တာမျိုး မလုပ်နိုင်သေးပါဘူး။
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
ဝဘ်အခြေပြု Video generation tools နှစ်မျိုးကိုလဲ Adobe က မိတ်ဆက်လိုက်ပါပြီ။ စာ-ဗီဒီယိုနဲ့ ပုံ-ဗီဒီယို ဆိုပြီးပါ။ စက်တင်ဘာမှာတုန်းက ပထမဆုံးမိတ်ဆက်ခဲ့ပြီး ခုတော့ Firefly ရဲ့ web app ပေါ်မှာ beta အဖြစ် အကန့်အသတ်နဲ့ စမ်းလို့ ရနိုင်ပါမယ်။ စာကနေ ဗီဒီယိုကို ပြောင်းတာမျိုးက Runway နဲ့ OpenAI က ဆိုရာ (Sora) ရယ်၊ Meta က Movie Gen တို့ရယ်နဲ့ အလုပ်လုပ်ပုံချင်း ဆင်တူပြီး ကိုယ်ထုတ်ချင်တာကို စာနဲ့ ရိုက်ပြီး ပြောပြပေးရုံပါပဲ။ Firefly Model မှာတော့ တကယ့်ရုပ်ရှင်အစစ်လို ပုံရိပ်မျိုးတွေ၊ 3D Animation တွေ၊ Stop Motion တွေ ထုတ်ပေးနိုင်ပါတယ်။ ထွက်လာတဲ့ clips တွေကိုလဲ 'Camera Control' က တစ်ဆင့် ကင်မရာရိုက်ထောင့်တွေ၊ လှုပ်ရှားမှုတွေနဲ့ မြင်ကွင်းအကွာအဝေးတွေကိုပါ ချိန်ညှိပြင်ဆင်နိုင်တာပါ။
ဓာတ်ပုံကနေ ဗီဒီယိုထုတ်တာကတော့ အသုံးပြုသူက သူလိုချင်တဲ့ ဗီဒီယိုရဲ့ အနေအထားကို အေအိုင်ကို ကိုးကားဖို့ ပုံတစ်ပုံပေးလိုက်ပြီး စာနဲ့ ပြန်ညွှန်ကြားပေးတဲ့ သဘောဖြစ်ပါတယ်။ Adobe ဘက်ကတော့ ဒီလုပ်ဆောင်နိုင်စွမ်းကို သုံးပြီး ဓာတ်ပုံတွေ၊ ရုပ်သေတွေကို ဘီရိုး (B-roll) ပုံစံတွေ ပြန်ထုတ်နိုင်မယ် ပြောပါတယ်။ ကင်မရာနဲ့ ဗီဒီယိုရိုက်ကူးတာလောက်တော့ သဘာဝမကျသေးပါဘူး။
ဒီနှစ်ခုအတွက် ကြာချိန်ကလဲ ငါးစက္ကန့်ရှိမှာ ဖြစ်ပြီး 720p နဲ့ 24 frames per second ရှိမှာပါ။ OpenAI ရဲ့ Sora ကတော့ မိနစ်ကျော်ရှည်တဲ့ ဗီဒီယိုတွေကို ထုတ်လုပ်နိုင်စွမ်း ရှိပြီး Visual အရည်အသွေးရော သုံးစွဲသူရဲ့ ညွှန်ကြားမှုကိုပါ လိုက်နာနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆိုရာကတော့ အသုံးပြုလို့ မရသေးပါဘူး။
စာ-ဗီဒီယိုရော၊ ဓာတ်ပုံ-ဗီဒီယိုရော Generative Extend ရော အားလုံးက ရလဒ်ထွက်ဖို့ တစ်မိနစ်ခွဲဝန်းကျင်ကြာပြီး Adobe ကတော့ အဲဒီကြာချိန်ကို လျှော့ချဖို့ လုံးပန်းနေကြောင်း သိရပါတယ်။ နောက် သူတို့ဆီက အေအိုင်ဗီဒီယိုမော်ဒယ်တွေဟာ ပါမစ်ရထားတဲ့ ကွန်းတန့်တွေအပေါ်ပဲ အခြေခံပြီး လေ့ကျင့်ထားတာမို့ မူပိုင်ခွင့်ပြဿနာ ကင်းလွတ်တယ်လို့ Adobe က ဆိုထားတာပါ။
References: https://www.theverge.com/2024/10/14/24268695/adobe-ai-video-generation-firefly-model-premiere-pro
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.
📅 New updates every day before 9:00 pm, MMT.
📰 Read on:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia